Escolar Documentos
Profissional Documentos
Cultura Documentos
အရှင်ဉာဏိက
ထူးထူးဆန်းဆန်း၊ ခု မနက်မှာပဲ မြန်မာပြည်ကနေ ကိုယ့်ဆီကို ဖုန်းနှစ်ခါခေါ်တယ်။ အမေရိကမှာ နေထိုင်တဲ့
ဆယ်နှစ်ကျော်အတွင်း မြန်မာပြည်ကနေ ကိုယ့်ဆီကို ဖုန်းခေါ်တယ်ဆိုတာက လုံးဝ မရှိသလောက်။
မှတ်မိသလောက်တော့ တခါမှကို မရှိခဲ့ဖူးဘူး ထင်ပါတယ်။ ဒါကြောင့် ခုလို တမနက်ထဲမှာပဲ နှစ်ခါတောင်
ခေါ်တယ်ဆိုတော့ ဆန်းနေတာပေါ့။ ပထမတခါ ခေါ်တာက ရန်ကုန်မှာနေတဲ့ ကိုယ့်အမေ့မောင် ဦးဇင်းဆီ
က။ သူကတော့ ခုမြို့ထဲက အင်တာနက်ဆိုင်ကနေ ခေါ်နေတာ။ ညပိုင်းရောက်လျင် ဖုန်းပြန်ခေါ်ပါဦးဆိုပြီး
ဖုန်းချသွားလေရဲ့။ မဆက်စဖူး အဆက်ထူးတော့ တခုခုတော့ ထူးပြီထင်ရဲ့လို့ အောင့်မေ့လိုက်ပါတယ်။
နောက်တခါ ခေါ်တာကတော့ ကိုယ့်မိတ်ဆွေတဦးဆီက။ သူကတော့ အညာက ခရိုင်မြို့ တမြို့မှာ နေတယ်။
လမ်းပေါ်ရောက်နေတဲ့ ကလေးတွေကို ခေါ်ယူ ကျွေးမွေး စောင့်ရှောက်ရေးလုပ်ငန်း။ HIV/ AIDS ရောဂါဝေဒနာသည်တွေကိုလည်း
စောင့်ရှောက်။ ကျူရှင် မယူနိုင်တဲ့ အထက်တန်းကျောင်းသားတွေကိုလည်း ကျူရှင်ယူနိုင်အောင် နီးစပ်ရာ လုပ်အားပေးဆရာတွေ ရှာဖွေပြီး
စာသင်ပေးနိုင်အောင် ကြိုးပမ်း၊ ကျောင်းထဲမှာလည်း စာကြည့် တိုက်လေးဖွင့်ထားတယ်ဆိုတဲ့အကြောင်း သူ့ဆီကနေ ၀မ်းသာ ၀မ်းနည်း
ကြားရ။
ဝမ်းသာတယ်ဆိုတာက ကိုယ့်မိတ်ဆွေတစ်ယောက် အများအကျိုးပြုလုပ်ငန်းတွေကို လုပ်နေတယ်ဆိုတာကို သိရတဲ့အတွက်။
ဝမ်းနည်းမိတယ်ဆိုတာက လမ်းပေါ်ရောက်ကလေးတွေဆိုတာရယ်။ HIV/ AIDS ရောဂါဝေဒနာရှင်တွေ ဆိုတာရယ်နဲ့ ကျူရှင်မယူနိုင်တဲ့
ဆင်းရဲနွမ်းပါးသူတွေဆိုတဲ့ သူ့စကားကို ကြားမိတာကြောင့် ပါ။ ခဏတာ ရလာတဲ့ ဘ၀လေးမှာ မလှပရှာကြတဲ့သူတွေအဖြစ်က ရင်နာ
သနားစရာ။ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်တွေက စာနာစွာ ဖေးမကူညီပါမှ သူတို့ဘ၀က အနည်းငယ် သက်သာရာ ရနိုင်ကြမှာ။
ကိုယ့်မိတ်ဆွေက စာရေး စာဖတ် ၀ါသနာထုံသူ။ စာပေအရးအသားကလည်း အကောင်း။ အေးအေးဆေးဆေးနဲ့ အလိုနည်းစွာသာ ဘ၀ကို
ဖြတ်သန်းချင်တဲ့သူ တဦး။ နောက်ပြီးလည်း သူက ရဟန်းတော်တပါးဖြစ် ပြန်။ ရဟန်းတွေဆိုတာ စာသင် စာချ၊ ဒါမှမဟုတ်လည်း တရားဟော
တရားပြ၊ သမဏတိုရဲ့ လုပ်ငန်းစဉ်များကို အဓိက ဇောက်ချ လုပ်နေရမှာ။ အပူတွေကနေ ဝေးစွာ အေးအေးဆေးဆေး နေနေရမှာပါ။
သို့ပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရတဲ့ အဆင်မပြေမှုတွေ၊ ဒုက္ခပေါင်းစုံတွေက လူသားစိတ်ဓာတ်အပြည့်ရှိတဲ့ ကိုယ့်မိတ်ဆွေကို
လည်း ကျောင်းထဲမှာ အေးအေးဆေးဆေး စာရေးစာချ အလုပ်ကိုသာ လုပ်မနေနိုင်အားရှာပဲ အခုလို ခေါင်းမအေး တဲ့ လူမှုရေးလုပ်ငန်းတွေမှာ
ပါဝင် လှုပ်ရှားနေရတယ် ထင်ပါရဲ့။
သူ နေထိုင်ရာမြို့မှာ အခုလို ဝေဒနာသည်တွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ နေရာတခု ရှိတယ်ဆိုတာ ကြားဖူးပေမယ့် သူမှန်း မသိဘူး။
အဲဒီ ပြုစုစောင့်ရှောက်ပေးနေသူဆိုတာ သူပဲလို့ သိလိုက်ရတော့ သူ့အတွက် လေးစား ဂုဏ်ယူမိပါတယ်။ အကျိုးအကြောင်း မေးကြည့်တော့
မပြည့်မစုံကြားကပဲ စေတနာ အပြည့်ထားပြီး တတ်နိုင်သလောက် ကြိုးစား လုပ်ဆောင်ပေးနေပါတယ်ကိုလည်း သိရပါတယ်။
စာကြည့်တိုက်အတွက် စာအုပ်တွေကို ဘယ်လို စုဆောင်းသလဲလို့ မေးကြည့်တော့ ဟိုက ဒီက လှူဒါန်းကြတဲ့
စာအုပ်အဟောင်းလေးတွေကိုပဲ အဓိက ထားရပါတယ်။ လစဉ် အသစ် ပုံမှန်ဝယ်တင်ဖို့ကတော့ အခက်အခဲ ရှိပါတယ်လို့ ဆိုပါတယ်။ သူ့
စာကြည့်တိုက်ကလေးအတွက် စာအုပ်စာတမ်းတွေ ပို့ပေးချင်စိတ် အရမ်း ဖြစ်မိပါတယ်။ ဒါကြောင့် သူ့ကိုလည်း
ရန်ကုန်စာအုပ်တိုက်တွေကနေ တဆင့် လစဉ် ပို့ပေးနိုင်အောင် စီစဉ်ပေးမယ်လို့ တာဝန်ခံလိုက်တယ်။ ကိုယ် ငယ်ငယ်က အတိုင်း
တအုပ်တည်းသာရှိတဲ့ မင်းဘူးဦးသြဘာသရဲ့ မဟောသဓာဇာတ်ဝတ္ထု စာတအုပ်ကို အကြိမ်များစွာ အထပ်ထပ် ဖတ်နေရတာမျိုးလို
မဖြစ်စေချင်ပါဘူး။
ညနေပိုင်းရောက်တော့ ကိုယ့်ဦးလေး (အမေ့မောင်) ဆီကို ဖုန်းဆက်ဖြစ်တယ်။ ရွာက ကိုယ့်ညီအရင်းတယောက် ဆုံးတယ်ဆိုတဲ့သတင်းကို
သူ့ဆီကနေ ကြားရပါတယ်။ လွန်ခ့တ
ဲ့နှစ်လလောက်ကတည်းက ဆေးရုံတက်နေရတယ်ဆိုတာကိုတော့ သိရပြီးသား။ ဆေးရုံပေါ်မှာ
တလခွဲလောက် ကြာကြာတက်ပြီး သက်သာတယ် လို့ ဆိုကာ ပြန်ဆင်းလာပြီး နောက်တခေါက် ဆေးရုံပြန်အတက်မှာတော့
နောက်ဆုံးအခြေအနေဆိုတာ သိရလို့ ရွာကို ပြန်ခေါ်လာပြီးတဲ့နောက် ဆုံးသွားတယ်လို့ ဆိုပါတယ်။ သူဖုန်းဆက်တော့ ညီတော်မောင်ရဲ့
ငါးရက်လည် ဆွမ်းကျွေးလုပ်တဲ့နေ့ တဲ့။ ရွာမှာ အလှူမင်္ဂလာပွဲတွေ ပြုလုပ်ကြတဲ့ရာသီမို့ ရက်မတိုက်အောင် ခုလို ရက်စောပြီး
ပြုလုပ်ဟန်ရှိပါတယ်လို့ ဆိုပါတယ်။ ငါးရက်ပဲ လည်လည်၊ ခြောက်ရက်ပဲ လည်လည် ဒါက ပြဿနာမှ မဟုတ်တာ။ ကွယ်လွန်သူ ရည်စူးကာ
ကျန်ရစ်သူတွေအနေနဲ့ တတ်အားသမျှ ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး အမျှအတန်း ပေးဝေကြဖို့ပဲ မဟုတ်လား။ တတ်နိုင်တာက ဒါပဲလေ။
သေသူကိုယ်တိုင် မသေမီမှာ ကိုယ့်အတွက် စိတ်ချရမည့် လုပ်ငန်းမျိုးကို လုပ်သွားနိုင်ဖို့က အဓိကပါပဲ။
ဒီအချိန်မှာ အရေးကြီးတာက ကျန်ရစ်သူ သားသမီးတွေအတွက်ပဲလို့ ထင်မိပါတယ်။ ကိုယ့်ညီတော်မောင်မှာ သားသမီး ဘယ်နှစ်ယောက်
ကျန်ရစ်တယ်ဆိုတာကိုတော့ တိတိကျကျ မသိပါဘူး။ ၃ ယောက်လား။ လေး ယောက်လား မသိဘူးလို့ ကိုယ့်ဦးလေးက ဆိုပါတယ်။
အကြီးဆုံးတယောက်က ဆယ်တန်းကျောင်းသူ ဆိုတာကိုတော့ သိတယ်။ အငယ်တွေက ဘယ်နှစ်ယောက်ရှိလို့ ဘယ်အရွယ်တွေလည်း
ဆိုတာကိုတော့ မသိပါဘူး။ အားလုံးက လူလားမမြောက် အရွယ်မရောက်သေးသူတွေပဲ ဖြစ်မှာ။ မြေးတွေအပေါ် သံယောဇဉ်ပိုတဲ့ အဖိုး
အဖွားတွေအတွက်တော့ ဖခင်မဲ့သွားတဲ့ မြေးတွေအတွက် ရှေးကထက် ပိုလို့ အပူတက်စရာ ဖြစ်ပေဦးတော့မယ် လို့ တွေးမိပါတယ်။
တကယ်ဆိုတော့ ကိုယ့်အောက်အငယ်ဆိုတော့ သူ့အသက်က လူ့သက်တမ်းနဲ့ ကြည့်မယ်ဆိုလျင်တော့လည်း ငယ်သေးတယ်လို့ ပြောရမှာပါ။
ဒါပေမယ့် ဘ၀အတွက် ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ နှစ်တွေ ပြန်ကြည့်မယ်ဆိုလျင်တော့လည်း မနည်းလှဘူး။ ငယ်ငယ်ကစလို့ နွားကျောင်း၊
လယ်ထဲ ဆင်း၊ အလုပ်တွေကို တလစပ် လုပ်ခဲ့ရတာ။ လူ့ဘ၀ရဲ့ သုခချမ်းသာဆိုတာက ပြန်ကြည့်လျင် လုံးဝ မရှိသလောက်။
ပင်ပမ်းမှုဒဏ်ချက်တွေက လူ့အသက်ကို ပိုမို တိုစေတတ်တာဖြစ်မယ်လို့လည်း ထင်မိပါတယ်။
ဝမ်းပြည့်ရုံ ဖြည့်တင်းနိုင်ဖို့ လှုပ်ရှားရုန်းကန်နေရတော့ အစာအဟာရက စလို့ အားဖြစ်ဖွယ်ရှုထောင့်၊ ကျန်းမာရေးရှုထောင့်က ကြည့်ပြီး
စားသောက်တယ်ဆိုတာကလည်း ရှိတာမှ မဟုတ်တာ။ ကျန်းမာရေးဆိုတာကလည်း မဖြစ်လှလို့ နောက်ဆုံး မတတ်ကာမှသာ
ဆေးရုံဆေးခန်း သွားတတ်ကြတာ။ ကြိုတင် ဆေးစစ်၊ ဆေးစားဆိုတာမျိုးက အခြေခံလူတန်းစားတွေအဖို့မှာက အပိုငွေဖြုန်းတီးမှု တခုလို့သာ
ထင်တတ်ကြတာလေ။ နောက်ပြီး သူတို့မှာ အဲဒီလို တင်ကြို စမ်းသပ်ဖို့လိုတယ်ဆိုတဲ့ အသိတရားမျိုးလည်း မရှိတတ်ကြပါဘူး။
ရှိခဲ့မယ်ဆိုလျင်လည်း မသေရုံ မငတ်ရုံစားသောက်နေရတဲ့ဘ၀မှာ ဘယ်မှာလာလို့ ဒါတွေအတွက် သုံးဖို့ အပိုငွေဆိုတာလည်း ရှိနိုင်ပါ့မလဲ။
မနုဿတ္တဘာဝေါ ဒုလ္လဘော လူသားအဖြစ်ဟာ ရခဲတယ်လို့ ဆိုပါတယ်။ အချို့လူသားတွေအဖို့တော့ လူသား ဖြစ်ရုံမျှ လူဖြစ်လာကြရ။
လူသားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ပိုင်ဆိုင်မှုမျိုးကိုလည်း ပိုင်ဆိုင်ခွင့်မရှိ၊ လူသားတဦး သိသင့်သိထိုက်တဲ့ အသိတရားမျိုးကိုလည်း
မသိနိုင်ကြရှာပဲ လူ့ဘ၀ထဲကနေ ပြန် ထွက်ခွါသွားရ။ လောကကောင်းကျိုး လူသားကောင်းကျိုးကိုလည်း မလုပ်နိုင်။
ကိုယ့်အကျိုးအတွက်တောင်မှ ကိုယ် ထိထိရောက် ရောက် မလုပ်နိုင်ပဲ ဘ၀တခု ကုန်ဆုံးသွားကြရ။
ကိုယ့်ညီမှာတော့ သူ့အတွက်၊ သူ့မိသားစု အတွက်၊ သူ နေထိုင်သွားရာ ကမ္ဘာလောကကြီးအတွက် ဘာတွေများ လုပ်ပေးသွားနိုင်ခဲ့ပါလိမ့်။
ဒါကိုတော့ မသိနိုင်ပါဘူး။ အများကောင်းကျိုးအတွက် မဆောင်ရွက်နိုင်ခဲ့လျင်တောင် သူ့သံသရာ ခရီးကောင်းရေးအတွက်တော့ သူ
တတ်နိုင်သမျှ လုပ်သွားနိုင်တန်ကောင်းပါရဲ့လို့ မျှော်လင့်မိပါရဲ့။
ဒါ ဘ၀ပဲလေ။ ဘ၀ဆိုတာ သူလည်း အလည် လာ၊ ကိုယ်လည်း အလည် သွား၊ လမ်းခုလပ်မှာ ခဏတာမျှ အမှတ်မထင် ဆုံတွေ့လိုက်ကြရတဲ့
တကယ့်ကိုမှ ဧည့်သည်တွေ သက်သက်မျှသာ။ အချိန်တန်လျင်တော့ အိမ် ကို ပြန်ကြရစမြဲ။ ဒါဆို ကိုယ်တို့ရဲ့ ထာဝရအိမ်က
ဘယ်နေရာများမှာပါ လဲ။ ဒါလည်း သိနိုင်တာမျိုး မဟုတ်။ ဒီ တဘ၀အတွက်ဆိုလျင်တော့လည်း လက်ရှိဘ၀ရဲ့ အဖေအမေဆိုတာက ကိုယ်တို့
ခေတ္တ ၀င်ရောက် လည်ပတ်၊ နားခိုရာ ယာယီ အိမ်ဂေဟာ ပေါ့။ တကယ်တော့လည်း ဒီ အိမ်ဂေဟာတွေသည်ပင်လျင် ထာဝစဉ် တည်တံ့ နိုင်
တတ်တာမျိုးမှ မဟုတ်တာ။ အိမ်ရှင်ဆိုတာသည်ပင်လျင် ခဏတာမျှ ဧည့်သည်တွေပါပဲ လေ။
လာတုံးကလည်း တယောက်ထဲနော့
လက်တွဲခေါ်ကာ ဖော် မပါဘူး
ဥစ္စာချည်းနှီး ကိုယ်လုံးတီး။
ပြန်သွားတော့လည်း
…………….
နေ၀င်မိုးချုပ် လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်တွေချည်းသာပါတကား ဆိုတဲ့ ရဖူးတဲ့ ဧည့်သည်ကဗျာလေးက နှုတ်ဖျား ရောက်လာတယ်။ ဟုတ်ပါတယ်လေ။ အားလုံးက
ခဏတာ အလည်ရောက်လာတဲ့ ဧည့်သည်တွေချည်းသာပါလေ။ ။